Wednesday, January 30, 2013

ဘိုးလဲးဗာ့ဗ်ဆိုတာ



ဘိုးလဲးဗာ့ဗ်ဆိုတာ
        လက်ရှိမြန်မာနိုင်ငံ (အထူးသဖြင့်) စီးပွါးရေးမြို့တော် ရန်ကုန်မြို့အတွင်းရှိ
မော်တော်ယာဉ်များ သွားလာလျက်ရှိသည့် ကတ္တရာလမ်းအတော်များများသည်
ရှေးယခင်ကနှစ်လမ်းသွားလမ်းများသာ ဖြစ်ကြပြီး အလယ်တွင်ဘေး တစ်ဖက်
တစ်ချက်ရှိလမ်းများနှင့် အရွယ်တူ ပလက်ဖေါင်း ကာရံထားပြီး အရိပ်ရအပင်ကြီးများ
 ဖြင့်အုံဆိုင်းကာ လူများသွားလာနိုင်သည့် စင်္ကြ့န်များရှိခဲ့ဖူးပါသည်။
        ကျွန်တော်မှတ်မိသမျှ ပြန်ပြောရလျှင် ၈၈ လူထုအုံကြွမှူကြီးအပြီး ယခင်
အစိုးရလက်ထက် လမ်းတံတားများကိုခေတ်၏ လိုအပ်ချက်အရ အပြိုင်အဆိုင် တိုးချဲ့လာကြရာ အဆိုပါ လမ်းများသည်လည်း တစ်စတစ်စ ပျောက်ကွယ်လာခဲ့ရ
ပေတော့သည်။
        ယနေ့အချိန်တွင် ထိုကဲ့သို့သောလမ်းမျိုးမှာ အတော်ပင်ရှားပါးသွားခဲ့လေပြီ။ ကျွန်တော့်လို ရန်ကုန်ပေါက် လေးဆယ်ကျော် လူလတ်ပိုင်းများ မှတ်မိကြပါဦးမည်၊
ယခုအခေါ် ဦးချစ်မောင် (ယခင် ဂွတ္တလစ် - GoodLive) လမ်းမကြီး၏ တောင်ဘက် ဘေးပလက်ဖေါင်းဆိုလျှင် ၁၉၉၀ ခုနှစ် မတိုင်မီက လမ်းဆုံမှတ်တိုင်၊ ရန်ကင်းဈေး (ယခုရန်ကင်းစင်တာ)ရှေ့ မှတာမွေအဝိုင်း ငါးပွင့်ဆိုင်အထိ တစ်ဖက်တွင်အကျယ်၂၅ ပေခန့် ရှိပြီးအရိပ်ရအပင်ကြီးများ ဖြစ်သော ညောင်ပင်၊ ကုက္ကို၊ ပိတောက်၊ ဗံဒါ စသည့် သက်တမ်းရင့် အပင်ကြီးများ ဝေဆာလျက် ရှိခဲ့ဖူးပါသည်။
        ထိုလမ်းမကြီးနှင့် တစ်ဆက်တည်းဟု ဆိုနိုင်သော ယခင် မရိုးဆန်းရုပ်ရှင်ရုံ
(ယခု MoonBakery) ရှေ့ မှ တာမွေ ရွှေဗဟိုရုပ်ရှင်ရုံ ရှေ့ ထိ၊ ထိုမှဆက်၍ ကျောက်
မြောင်းဈေး၊ ထိုမှတစ်ဖန် ယုဇနပလာဇာမီးပွိုင့်၊ ထိုမှ မြန်မာ့ဂုဏ်ရည်လမ်းစသည်ဖြင့် တစ်ဆက်တည်းသောလမ်းများသည်လူသွားစင်္ကြ့န်နှင့်မော်တော်ကားလမ်းသီးသန့်စီ
တည်ဆောက်ထား ခဲ့ကြသည်များကို လွမ်းဆွတ်မိပေသေးသည်။ အဆိုပါလမ်းများ
သည် လမ်းနံဘေးတစ်ဖက်တစ်ချက်ရှိ လူနေအိမ်များအရှေ့တွင်လည်းလူသွားစင်္ကြ့န်
ပလက်ဖေါင်းရှိပြီး လမ်း၏အလယ်တွင်လည်း ကတ္တရာလမ်းနှင့် အရွယ်တူ အလယ်
ကျွန်းပလက်ဖေါင်းများ အသီးသီး ရှိခဲ့ကြပေသည်။ ထိုအလယ်ကျွန်းများပေါ်တွင် သစ်ပင်ကြီးငယ်တို့ဖြင့် အရိပ်ကောင်းစွာရခဲ့ကြဖူးပါသည်။
        ခရာဇ်နှစ် ၁၉၇၀ ဝန်းကျင်များတွင် စင်္ကာပူဝန်ကြီးချုပ် မစ္စတာလီကွမ်ယူးအ
လည်အပတ်လာရောက်ပြီး ရန်ကုန်မြို့၏ မြို့တည်ဆောက်ပုံကို လေ့လာစဉ်က ထိုလမ်းများကို သေချာစွာလေ့လာသွားမည်မှာ အသေအချာပင်၊ အဘယ်ကြောင့်
ဆိုသော် ယနေ့ စင်္ကာပူနိုင်ငံ တ၀ှမ်းရှိ တည်ဆောက်ပြီး တည်ဆောက်ဆဲလမ်းများ၏
 ၉၀% ကျော်ကျော်မှာ ထိုပုံစံများအတိုင်း တည်ဆောက်ပြီးနှင့် တည်ဆောက်လျက်
ရှိနေသည်ကို ယနေ့မျက်မှောက်မြင်တွေ့ရလျက် ရှိနေပေသည်။